“အင်တာဗျူးမေးခွန်းတွေကို ဘယ်လိုဖြေမလဲ”

ဒီတစ်ခေါက်တော့ အင်တာဗျူးဖြေတာနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ မေးတတ်တဲ့မေးခွန်းလေးတွေထဲက အမေးအများဆုံးမေခွန်း (၅)ခုကို ဖြေပုံဖြေနည်းနဲ့တကွ ဂိုက်လိုင်းသဘောမျိုး အသုံးချနိုင်အောင် ဆွေးနွေးပေးမှာဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုမိတ်ဆက်ပါ

ဟိုးကလေးဘဝကစပြီး နောက်ကြောင်းတွေအများကြီးပြန်ပြီး ချဲ့ကားပြောဖို့မလိုပါဘူး။ ဘယ်သူကမှလဲ အဲ့လောက်မသိချင်သလို အချိန်လည်းရှိပါဘူး။ ၁၅မိနစ်ဆိုလည်း၁၅မိနစ်၊ နာရီဝက်ဆိုလည်းနာရီဝက် အင်တာဗျူးဖြေမယ့်သူက သတ်မှတ်ထားတာရှိပါတယ်။ ကိုယ့်အမည်၊ ပညာအရည်အချင်း၊ အောင်မြင်ခဲ့ဖူးတဲ့ မိုင်တိုင်တချို့၊၊ ကြာကြာအလုပ်လုပ်ခဲ့ဖူးတဲ့ နေရာတချို့ ကိုပဲ ဖြေပါ။ (ဒီအလုပ်တွေဟာလည်း ခုလျှောက်ထားတဲ့အလုပ်နဲ့ ဆက်စပ်နေတာတွေပဲ ဖြစ်ဖို့လိုပါတယ်၊ ကိုယ်လုပ်ခဲ့ဖူးသမျှ အလုပ်တိုင်းကို အကုန်လျှောက်ပြောဖို့မလိုပါဘူး)။ ကိုယ့်ရဲ့ အိမ်ထောင်ရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး အယူအဆတွေကို လုပ်ငန်းနဲ့မသက်ဆိုင်တာကြောင့် ထည့်မပြောရပါ။

(၂) ဘာဖြစ်လို့ဒီမှာလုပ်ချင်တာလဲ

ဒီမေးခွန်းကိုဖြေတဲ့အခါမှာ ပါးနပ်ဖို့လိုပါတယ်။ ဒီလိုမေးခွန်းမေးလာတဲ့အခါမှာ ဖြေနိုင်အောင်လို့လည်း ကိုယ်အလုပ်လျှောက်မယ့်နေရာ/အဖွဲ့အစည်း/ကုမ္ဗဏီရဲ့ အကြောင်းတွေကို အင်တာဗျူးမသွားခင် ကြိုတင်လေ့လာထားဖို့လိုပါတယ်။ ဖြေတဲ့အခါမှာ ဒီအဖွဲ့အစည်းကတော့ဖြင့် လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုတွေအကျိုးပြုနေတာ၊ လူတွေရဲ့အကျိုးစီးပွား (ဥပမာ ကျန်းမာရေး၊ လူမှုရေး၊ ပရဟိတ၊ ပညာရေး၊ ဥပဒေ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်) ဘယ်လိုပေါ်လစီတွေ မူဝါဒတွေကိုင်စွဲပြီး အကောင်းဘက်ကို ဦးတည်နေတာ၊ အဖွဲ့အစည်းရဲ့ ဘယ်လိုဦးတည်ချက်တွေ ရည်ရွယ်ချက်တွေကိုတော့ဖြင့် နှစ်သက်သဘောကျမိလို့ပါ၊ မိမိကိုယ်တိုင်အတွက်လည်း နေရာကောင်းလေးတစ်နေရာရနိုင်မယ်၊ သင်ယူလေ့လာစရာတွေများနိုင်မယ်၊ အရည်အချင်းပိုင်းဆိုင်ရာ တတ်ကျွမ်းမှုပိုင်းဆိုင်ရာ တိုးတက်မှုအပိုင်းတွေ (growth and development) မှာ အခွင့်အရေးရနိုင်တာတွေကြောင့် အလုပ်လုပ်ချင်တာပါလို့ ဖြေသင့်ပါတယ်။

(၃) မင်းကိုဘာလို့အလုပ်ခန့်သင့်သလဲ

ကိုယ့်ရဲ့ အရည်အချင်းတွေ၊ ဂုဏ်ရည်တွေကို စီကာပတ်ကုံး ဖော်ကျူးပြောကြားနိုင်တဲ့ အကောင်းဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။ အလုပ်ရှင်ထံမှာ ကိုယ့်ကိုယ်ကိုကြော်ငြာဖိ့ု (selling yourself) အသင့်တော်ဆုံး အချိန်ပဲဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေတဲ့အခါမှာ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြည့်ပြည့်စုံစုံဖြေနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတချို့နဲ့ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှုတွေကို ဒီနေရာမှာ ထည့်သွင်းပြောကြားနိုင်သလို ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ၊ ဘဝဒဿနအမြင်ပိုင်းဆိုင်ရာ အကြောင်းအရာလေးတွေ (skills and philosophies) ကိုလည်း အနည်းငယ်ပြောကြားနိုင်ပါတယ်။အများနဲ့အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုစည်းလုံးတာ တက်ကြွတာ (team player)၊ သူများတွေရဲ့ အကြံပြုချက်တွေ အိုင်ဒီယာတွေကိုလည်း ဘယ်လိုအလေးထားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနိုင်းပြီးလုပ်လေ့ရှိတာ(interpersonal skills)၊ တစ်ယောက်တည်း မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့အခါမျိုးတွေမှာဆိုရင်လည်း ခေါင်းအေးအေးနဲ့ အချက်အလက်တိတိကျကျကို သေချာစုစည်းစိစစ်ပြီးမှ ဘယ်လိုလက်တွေ့ကျကျ ဆုံးဖြတ်တာ (decision making skill)၊ လုပ်ငန်းအတွင်း အခက်အခဲကြုံလာခဲ့ရင်လည်း အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ သဘောထားတွေကိုမေးမြန်းပြီးတော့မှ အကောင်းဆုံးအဖြေတစ်ခုကို ရှာပါတယ် တစ်ယောက်တည်းဖြစ်သလိုမြန်မြန်လုပ်တတ်တဲ့အကျင့်မရှိပါဘူး (problem solving skill) စတာတွေ ဖြေပါ။အချိန်ကို ဘယ်လိုကောင်းကောင်း အသုံးချနိုင်ပါတယ် (time management skill)၊ ဘယ်လိုပရောဂျက်တွေကိုတော့ဖြင့် အချိန်မီအတွင်းမှာ အကောင်းဆုံးလုပ်နိုင်တဲ့ သာဓကတွေရှိပါတယ် (examples)၊ လူတိုင်းကို တန်းတူရည်တူပဲ လေးစားစွာ ဆက်ဆံပါတယ်၊ မတူညီမှုတွေကြုံလာတိုင်းလည်း အငြင်းပွားပြီး ရှောင်ထွက်သွားတာထက် ထိပ်တိုက်တွေ့ဆုံပြီး အေးအေးဆေးဆေး tension (တင်းအား)တွေမပါဘဲနဲ့  ဆက်ဆံဖြေရှင်းပါတယ် စသဖြင့် ဖြေကြားနိုင်ပါတယ်။

(၄) မင်းရဲ့အားနည်းချက်ကဘာတွေဖြစ်မလဲ

ဒါဟာ trick (လှည့်ကွက်) မေးခွန်းဖြစ်ပါတယ်။ ကိုယ့်ကိုအလုပ်ခန့်မယ်သူရှေ့မှာ ကိုယ့်ရဲ့အားနည်းချက်တွေ သွားထုတ်ပြောနေလို့ ကိုယ့်သေတွင်းကိုယ်တူးရာရောက်ပါလိမ့်မယ်။ ဒီမေးခွန်းကိုဖြေတဲ့အခါမှာ ဒီလိုဖြေပါ။ လူတိုင်းဟာ ပြီးပြည့်စုံတယ်ရယ်လို့ ဘယ်သူမှမရှိပါဘူး။ အားသာချက်ရှိသလို အားနည်းချက်လေးတွေလည်း ကိုယ်စီရှိကြတာပါပဲ။ ဒီလိုပဲ ကျွန်တော်/ကျွန်မမှာလည်း အားသာချက်ရှိသလို အားနည်းချက်လေးတွေ ရှိနေမယ်ဆိုတာသေချာပါတယ်။ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ ဘယ်လိုအားနည်းချက်မျိုးတွေရှိနေမလဲဆိုတာ ခေါင်းထဲမှာပေါ်မလာပါဘူး။ ရှိတာကတော့ ရှိနေမှာသေချာပါတယ်။ အဲ့လိုဖြေလိုက်ရင် မေးခွန်းကိုရှောင်ပြီးသားလည်းဖြစ်၊ မေးခွန်းမေးသူအပါအဝင် လူတိုင်းကိုသိမ်းကျုံးပြီး အားလုံးမှာ အကောင်းအဆိုးဒွန်တွဲစွာ ရှိနေနိုင်တယ်ဆိုတာကို ပညာရှိဆန်ဆန် ပြောကြားပြီးသားလည်း ဖြစ်သွားပါတယ်။

(၅) လုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံ ဘာရှိလဲ

ဒါမျိုးကိုဖြေတတ်ဖို့ဆိုရင်တော့ ကိုယ်အခုလျှောက်ထားတဲ့အလုပ်နဲ့ ပတ်သက်စပ်လျဉ်းနိုင်မယ့် လုပ်ငန်းအတွေ့အကြုံတွေကို ကြိုတင်စာရင်းချပြီး ခေါင်းထဲကြိုမှတ်သွားပါ။ ဘယ်လိုဖြေမယ်ဆိုတာကို သေချာစဉ်းစားသွားပြီ အထပ်ထပ်လေ့ကျင့်သွားပါ။ အလွတ်ကျက်မသွားပါနဲ့။ ကျက်ရင် မေ့မှာပါပဲ။ သဘာဝကျကျဖြေနိုင်ဖို့ ကိုယ်လေ့ကျင့်သွားတဲ့စကားလုံးတွေက အကူအညီပေးပါလိမ့်မယ်။ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဘာသင်တန်းညာသင်တန်းတွေတက်ဖူးတာ၊ သင်တန်းဆင်းလက်မှတ်တို့ အောင်လက်မှတ်တို့ လိုင်စင်တို့ ဒီပလိုမာတို့ရှိရင် အကုန်ထုတ်ပြပါ၊ ဒီလိုထုတ်ပြခြင်းအားဖြင့် ကိုယ့်ဘက်က သေချာကြိုတင်ပြင်ဆင်လာတယ်ဆိုတာကို ပြသရာလည်းရောက်လို့ အင်တာဗျူးသူက အထင်ကြီးပြီး ကိုယ့်ကို အမှတ်ပိုပေးချင်စိတ်ပေါက်မှာဖြစ်ပါတယ်။

ဘာလက်မှတ်တစ်ခုမှမရှိဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီအလုပ်နဲ့တိုက်ရိုက်မပတ်သက်ပေမဲ့ တခြားကိုယ်လုပ်ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံတချို့ကို ပြောပြနိုင်ပါတယ်။ နောက်ပြီး ပိုက်ဆံရတဲ့အလုပ် လုပ်ဖူးရမယ်လို့မဟုတ်ပါဘူး။ ပရဟိတ လုပ်အားပေး (volunteer) လုပ်ဖူးတာ၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖူးတာ၊ အိမ်မှာကူညီလုပ်ကိုင်ပေးဖူးတာ၊ ဆရာသမားတွေ မိတ်ဆွေတွေကိုကူညီလုပ်ကိုင်ပေးဖူးတဲ့ အလုပ်အတွေ့အကြုံလေးတွေထဲက ခုလက်ရှိလျှောက်ထားတဲ့အလုပ်က လိုအပ်ချက်တွေနဲ့ နီးစပ်နေတာမျိုးရှိနေရင် ဆွဲထည့်ပြီး ကိုးကားဖြေကြားနိုင်ပါတယ်။

 

Craton Highways (Brought to you by the SPACE Language Academy)

Share on Social Media