ဒီတစ်ခေါက်တော့ လုပ်ငန်းခွင်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ အချက်ကလေးတွေ အသားပေး မျှဝေပေးချင်ပါတယ်။ တော်ရုံသတိမမူလိုက်မိပေမဲ့ တစ်ဖက်က နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယဉ်ကျေးမှုချင်းမတူညီတာမို့ မလိုလားအပ်တဲ့ အထိအခိုက်ကလေးတွေ ဖြစ်စေနိုင်ပါတယ်။ international business culture နဲ့ပတ်သက်ပြီး ဒီတစ်ခါ အဓိကအသားပေး ဖော်ပြပေးချင်တာကတော့ body language အကြောင်းဖြစ်ပါတယ်။
နိုင်ငံခြားသားနဲ့နှုတ်ဆက်တဲ့အခါမှာ မျက်လုံးချင်းဆုံကြည့်ပြီးတော့ ပြုံးပြပါ။ Eye contact ဟာ သိပ်အရေးကြီးတာမို့ ကိုယ်က သူနဲ့မျက်လုံးချင်းသေချာဆုံ ပြုံးပြီးမနှုတ်ဆက်မိဘူးဆိုရင် အနောက်တိုင်းယဉ်ကျေးမှုအရ ရိုင်းတယ်၊ ဂရုမစိုက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်စေပါတယ်။ ဒါ့အပြင် how are you? I’m fine, thank you. ဘာညာဆိုပြီး အလ္လာပသလ္လာပ ပြောဆိုမေးမြန်းသင့်ပါတယ်။ ဒါဟာ အခြေခံအကျဆုံး ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အခုမှ စတွေ့ဖူးတဲ့လူ၊ အကြာကြီးနေမှ တစ်ခါလောက်ပဲတွေ့ရတဲ့လူမျိုးဆိုရင် မျက်လုံးချင်းစိုက်ကြည့်၊ ပြုံးပြ၊ နေကောင်းလားမေးမြန်းတဲ့အပြင်ကို လက်ဆွဲနှုတ်ဆက်သင့်ပါတယ်။ ခဏခဏတွေ့နေသူကိုတော့ လက်ဆွဲနှုတ်ဆက်ဖို့ မလိုအပ်ပါဘူး။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း လိုလိုလားလား ခင်မင်နှစ်လိုခြင်းကိုဖော်ပြတဲ့အနေနဲ့ ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး နှုတ်ဆက်ရပါမယ်။
ကိုယ့်ကိုဘာလေးပဲကူညီကူညီ၊ သူ့ဘက်က ကိုယ့်ကိုဘာလေးပဲမေးမေး thank you ကို မကြာခဏထည့်ပြောဖို့ မမေ့ပါနဲ့။ Thank you. I really appreciate it. (သို့မဟုတ်) Thank you so much. I appreciate your help. စသဖြင့် သူကူညီပေးတဲ့အရာတစ်ခုအတွက် ပါးစပ်က ထုတ်ဖော်ပြောပြီး ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုရပါမယ်။ ကျေးဇူးတင်စကားပြောတဲ့အခါမှာလည်း ပြုံးပြီးပြောရပါမယ်။ အနောက်နိုင်ငံသားတွေဟာ ကျေးဇူးကို မိုးမွှန်အောင်ပြောပြီး တစ်ချိန်လုံး အပြန်အလှန် ကျေးဇူးတင်နေကြတာပါ။ ဒါဟာ သူတို့ရဲ့ယဉ်ကျေးမှုမို့ သူတို့အနေနဲ့ ဒါဟာ အပိုအလုပ်၊ သက်သက်လုပ်ယူနေစရာကိစ္စလို့မမြင်ပါဘူး။ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုမို့ ကိုယ်က ဒီယဉ်ကျေးမှုနဲ့အသားမကျဘူးဆိုရင် များများလေ့ကျင့်ပေးသင့်ပါတယ်။
သူများက တစ်ခုခုပြောနေတဲ့အခါ သို့မဟုတ် ဆွေးနွေးနေတဲ့အခါမှာ ကြားဖြတ်ပြောရင် အင်မတန်ရိုင်းတယ်လို့ ယူဆကြပါတယ်။ ဥပမာ အစည်းအဝေးတစ်ခုမှာ စကားပြောနေကြတာဆိုရင် တစ်ယောက်ကစကားပြောနေရင် ဆုံးအောင်နားထောင်ပေးရပါမယ်။ လုမပြောသင့်ပါဘူး။ ကိုယ့်အလှည့်ကိုစောင့်ရပါတယ်။ သူများပြောတာဆုံးတော့မှ ကိုယ်ဝင်ပြောရပါတယ်။ မဖြစ်မနေ အရေးကြီးလို့ ဝင်ပြောရပြီဆိုရင်၊ သု့ိမဟုတ် သူပြောတာကို သဘောမတူလု့ိ ငြင်းဆိုတော့မယ်ဆိုရင်လည်း ယဉ်ကျေးစွာပဲ လက်ဖဝါးတစ်ဖက်ကို အပေါ်မြှောက်ပြပြီး May I interrupt? (သို့မဟုတ်) Do you mind if I interrupt? (သို့မဟုတ်) May I say something? စသဖြင့် ခွင့်တောင်းပြီးမှ ကြားဖြတ်ပြောဆိုသင့်ပါတယ်။
Craton Highways (brought to you by the SPACE Langage Academy)